ဝမ်းဗိုက်မှာ အဆီတွေ စုဝေးလာရခြင်းက အစားအသောက် ၊ နေထိုင်မှုပုံစံတွေနဲ့ အများကြီးသက်ဆိုင်မှု ရှိပါတယ်။ ဗိုက်က အဆီပိုတွေကို မြန်မြန်ဆန်ဆန်နဲ့ ဖယ်ရှားနိုင်ဖို့ဆိုရင် လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးဖို့တော့ လိုပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်အဆီတွေကို အချိန်တိုအတွင်း အပြုတ်ဖြုတ်နိုင်မယ့် ထိရောက်တဲ့ အိမ်တွင်း လေ့ကျင့်ခန်းတွေ မျှဝေပေးချင်ပါတယ်။

(၁) Lying Leg Raises

Photo : Muscle & Fitness

Lying Leg Raises လုပ်တဲ့အခါ အရင်ဆုံးကြမ်းပြင်မှာ လှဲလျောင်းပြီး ခြေထောက်နှစ်ဖက်ကို ထောင်ထားရပါမယ်။ ကွီးတို့ရဲ့ လက် ၂ ဖက်ကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ကပ်ထားပေးပါ။ ပြီးရင်တော့ ထောင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ အနီးကပ်ဆုံးအထိ နှိမ့်ချပြီး ဗိုက်ကြွက်သားတွေကိုညှစ်ကာ ဖြည်းဖြည်းချင်း ပြန်မ,တင်ပေးရပါမယ်။ ထိုနည်းအတိုင်း ၁၅ ကြိမ် ၊ ၃ ကျော့ ပြုလုပ်ပေးပါ။

(၂) Mountain Climbers

Photo : Sole Fitness

Mountain Climbers လေ့ကျင့်ခန်းအတွက် အရင်ဆုံး ကွီးတို့ လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်ထောက်ပြီး လေးချောင်းထောက် အနေအထား ပုံစံယူပေးရပါမယ်။ နောက်ကျောကို ကုန်းကုန်းကြီး ဖြစ်မနေစေပဲ ဦးခေါင်းကနေ ခြေဖနောင့်အထိ တစ်ဖြောင့်တည်းရှိနေစေဖို့ သတိပြုရပါမယ်။ ထို့နောက် ဒူးနှစ်ဖက်ကို တောင်တက်တဲ့ပုံစံအတိုင်း အရှေ့က တံတောင်းဆစ်အနား ထိတဲ့အထိ ဘယ်ညာ ခပ်မြန်မြန်လေး ရွေ့ပေးရပါမယ်။ ဒီအတိုင်း အကြိမ် ၂၀ ၊ ၃ ကျော့ ကစားပေးပါ။

(၃) Spiderman Plank

Photo : Hevy

Spiderman Plank လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ ပထမအဆင့်အနေနဲ့ Pushup အနေအထားအတိုင်း ပုံစံယူရပါမယ်။ ထို့နောက် ညာဘက်ခြေထောက်ကို ရှေ့က ထောက်ထားတဲ့ တံတောင်ဆစ်နဲ့ ထိပြီး ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့် ငြိမ်ငြိမ်လေး နေရပါမယ်။ ပြီးရင် ဘယ်ဘက်ခြေထောက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။ ခြေထောက်တွေကို ဘယ်ညာစုစုပေါင်း ၁ မိနစ်စီ ၂ ကြိမ်ခန့် ပြုလုပ်ပေးပါ။ ၃ ကျော့ ကစားပေးရပါမယ်။

Source : Men’s Health

Featured Photo : Endomondo