နော်တင်ဟမ်ဖောရက်စ် အသင်းဟာ မန်စီးတီးကြယ်ပွင့် ဂျိမ်း မက်အတီ ရဲ့ အပြောင်းအရွေ့အတွက် ၂ ဖက်အသင်း ကနဦး သဘောတူညီမှု ရရှိသွားခဲ့ပြီး ကွင်းလယ်လူကို ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ The Athletic သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ပြောကြားချက်အရ နော်တင်ဟမ်ဖောရက်စ်ဟာ မက်အတီ အတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၃၀ ဖြင့် စီးတီးတို့နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Photo : Get German Football News

သဘောတူညီမှုထဲမှာ ပြန်လည်ရောင်းချခွင့်အပြင် နည်းပြပတ်ဂွာဒီယိုလာရဲ့ အသင်းဘက်က ကစားသမားကို ပြန်လည်ဦးစားပေး ခေါ်ယူခွင့်လည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်အတွက် အဓိကအားထားရတဲ့ ကစားသမား ဖြစ်လာနိုင်ပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ်အပါအဝင် အဓိကပြိုင်ပွဲ ၄ ခုအတွက် ကစားသမားအင်အား တောင့်တင်းလာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလား ချန်ပီယံဖြစ်လာခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိခဲ့ပေမယ့်လည်း ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ပိုင်ရှင်တစ်ဦးတည်းကနေ ကလပ်အသင်း ၂ ခု ပိုင်ဆိုင်ခွင့်တားမြစ်ချက် စည်းမျဉ်းကြောင့် ပဲလေ့စ်အနေနဲ့ ကွန်းဖလန့်လိဂ်ကို ဆင်းကန်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာနဲ့ ရာသီပိတ်သိမ်းခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်က ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Manchester Evening News

ယခုနွေရာသီ အင်္ဂလန် ယူ – ၂၁ အသင်းအတွက် ဥရောပချန်ပီယံရှစ် ချန်ပီယံဆုကို ရယူပေးခဲ့ရာမှာ အဓိကအရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တဲ့ မက်အတီ ကို ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖက်အပါအဝင် အသင်းတော်တော်များများက စိတ်ဝင်တစား စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ် အသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ဒီရာသီ ပရီးမီးယားလိဂ်အဖွင့် ပွဲစဉ်အဖြစ် ဘရန့်ဖိုဒ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး စီတီးတို့ကတော့ စနေနေ့မှာ ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။

Source : Goal.com

Featured Photo : Nottingham Forest News